သဲကုန်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ပဲကြီးသီးနှံ (ဒေသမျိုး ၁၃၉ဧက) စိုက်ပျိုးထားရှိပြီးဖြစ်ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ပဲကြီးသီးနှံကို လယ်ကန်သင်းများ၊ ဆည်မြောင်းဘောင်များတွင် စိုက်ပျိုးကြသဖြင့် ထွန်ယက်ခ၊ လုပ်အားခသက်သာပြီး၊ မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း နုန်းဆန်သောမြေတွင်စိုက်ပျိုးပါက ပို၍အောင်မြင်ဖြစ်ထွန်းနိုင်ပြီး၊ စိုစွတ်သောရာသီဥတုတွင် စိုက်ပျိုးရသောသီးနှံဖြစ်ရာ အပူပိုင်းဒေသများတွင်လည်း စိုက်ပျိုးနိုင်သည်။ ပဲကြီးသီးနှံကို စိုက်ပျိုးရာတွင် ဘောင်စနစ်(အစေ့ချစနစ်) ဖြင့်စိုက်ပျိုးခြင်း၊ စိုက်ခင်းဧကများတွင်စိုက်ပျိုးခြင်း၊ စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ ကြားသီးနှံအနေဖြင့်လည်းစိုက်ပျိုးနိုင်ပြီး အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလလယ်ရောက်လျှင် ခူးဆွတ်နိုင်သည်။
ပဲကြီးပင်ကို သစ်စိမ်းမြေသြဇာအဖြစ်လည်းကောင်း၊ တိရိစ္ဆာန်အစာအဖြစ်လည်ကောင်း အသုံးပြုနိုင်ပြီး၊ ပဲကြီးသီးနှံစားသုံးပေးခြင်းဖြင့် ပရိုတိန်းဓာတ်များ မြင့်မားစွာရရှိနိုင်ခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူပြုသော အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်ပြီး အစာချေဖျက်မှု အလွန်ကောင်းမွန်သည့်အတွက် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် စိုက်ပျိုး/စားသုံးသင့်ကြောင်း ပဲကြီးစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
ကိုကျော် (သဲကုန်း)