ပဲခူး ဇန်နဝါရီ ၈
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်ခုနှစ် ပညာရေး စုံညီပွဲတော် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလျန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “စုံညီပွဲတော်ဒို့နွဲပျော်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတစ်ခုဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပြီး ကျောင်းသား/သူများကို တီထွင်ဖန်တီးတတ်သူများ၊ တာဝန်ယူ/တာဝန်ခံတတ်သူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ ပြည်သူ့နီတိကို နားလည်ပြီး ဘဝတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ဖြေရှင်းနိုင်သော အရည်အသွေးပြည့်ဝသည့် လူချွန်လူကောင်းများဖြစ်စေရေး ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးသွားရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းနေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသလို အခက်အခဲအမျိုးမျိုးကြောင့် စာသင်ကျောင်းသို့ မလာရောက်နိုင်သည့် ကလေးများအတွက် ၂၀၂၄ - ၂၀၂၅ ခုနှစ်မှစ၍ ကျောင်းပြင်ပညာသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ပေးနိုင်ခဲ့ကြောင်း၊ မျက်မှောက်ခေတ်ကာလ၏ လူ့အဖွဲ့အစည်းကို ပညာကလွှမ်းမိုးသော ခေတ်ဖြစ်သည့်အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လိုအပ်သဖြင့် ယခုလိုအခမ်းအနားကျင်းပ၍ ထူးချွန်ထက်မြက်သော ကျောင်းသား/သူများကို ချီးမြောက်ပေးရခြင်းဖြစ်ကြောင်းနှင့် အနာဂတ်နိုင်ငံတော်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေး အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဗဟိုအဆင့်ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် အစိုးရအဖွဲ့တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက (ရွှေမြန်မာသီချင်း)ဖြင့်လည်းကောင်း၊ အ.ထ.က-မြို့အနောက်(ခ)ကျောင်းမှ ကျောင်းသား/သူများက “ပြည်ထောင်စုကြီးထာဝရတည်တံ့စေသား” သီချင်းဖြင့်လည်းကောင်း၊ အထက(၈)ပဲခူးမှ ကျောင်းသား/သူများက “အလှကမ္ဘာမြေ” သီချင်းဖြင့်လည်းကောင်း၊ အထက(၃)ပဲခူးမှ ကျောင်းသား/ သူများက “အဖြူရောင်သံစဉ်” သီချင်းဖြင့်လည်းကောင်း၊ အထက(၂)ပဲခူးမှ ကျောင်းသား/သူများက “ပြည်ထောင်စုသွေး” သီချင်းဖြင့်လည်းကောင်း၊ အထက(၇)ပဲခူးမှ ကျောင်းသား/သူများက “အင်းလေးတိုက်တေး” သီချင်းဖြင့်လည်းကောင်း၊ အထက(၉)ပဲခူးမှ ကျောင်းသား/သူများက “မွန်တို့သဘင်ပွဲ” သီချင်းဖြင့်လည်းကောင်း၊ အထက(၁၀)ပဲခူးမှ ကျောင်းသား/သူများက “ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)