ကြံခင်းမြို့နယ်၊ အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျွန်းပုလု၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျွန်းပုလုတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ​ ​ယနေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှိစုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားကို သောကြာဒူးအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်မင်းလတ်က အဖွင့်အမှားစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာဗဟုသုတများတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ကျင်းပပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်သိမ့်သိမ့်နွေးက အားကစားအမျိုးအစား၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများနှင့် Grade-8 ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစား သိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြားနိုင်ကြောင်းနှင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြား ပြီး၊ နည်းစနစ်မှူးက ကျောင်းသား၊ ကျောင်းသူများအား အကြောလျော့ခြင်းနှင့် Physical Fitness Dance တို့အား ကပြပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်းဒို့ကာကွယ်၊ မူးယစ်အန္တရာယ်လူရန်စွယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း