ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်

ပန်းတောင်း သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တတ်လျက်ရှိရာ ယနေ့တွင် မြစ်ကမ်းနံဘေး မြေနိမ့်ကျေးရွာများအပြင် ပန်းတောင်းမြို့ပေါ် ရပ်ကွက်များအထိ ရေဝင်ရောက်နေသဖြင့် မြို့နယ်အုပ် ချုပ်ရေးမှူးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ပရဟိတအဖွဲ့များက ကယ်ဆယ်ရေးစခန်းများဖွင့်ကာ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေသည် မြစ်ကမ်းနံဘေး မြေနိမ့်ရွာများသို့ ဝင်ရောက်နေရာမှ ယခုအခါတွင် ပန်းတောင်းမြို့ပေါ် ရပ်ကွက်များဖြစ်သော ကြခတ်ရပ်ကွက်၊ ဝန်လိုရပ်ကွက်၊ စည်သာရပ်ကွက်၊ ဖောင်းကန်ရပ်ကွက်များတွင် ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်မှုသည် ပန်းတောင်းမြို့နယ်၌ နှစ်စဉ်ရေမြုပ်သည့် အခြေအနေလောက်သာ ရှိသေးသော်လည်း ယနေ့တိုင် ဆက်လက်မြင့်တက်လျက်ရှိသဖြင့် ယခုနှစ်တွင် ရေပိုကြီးနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သင်းသင်းအေး (ပြန်/ဆက်)