ဂန့်ဂေါ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် စရိတ်ချီးမြှင့်ငွေပေးအပ်ပွဲနှင့် မွမ်းမံသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွဋ်အောင်က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် စရိတ်ချီးမြှင့်ငွေပေးအပ်ပွဲကို ကျင်းပရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်လွင်မှ မြောက်ကုန်းရပ်ကွက် မဲရုံအမှတ်(၁)မဲရုံမှူးအားလည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်းမှ စည်ပင်သာယာရပ်ကွက် မဲရုံအမှတ်(၁) မဲရုံမှူးအားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွဋ်အောင်မှ မြို့မရပ်ကွက် မဲရုံအမှတ်(၁)မဲရုံမှူးအားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးမှ ကျောတိုက်ရပ်ကွက် မဲရုံအမှတ်(၁)မဲရုံမှူးအားလည်းကောင်း စရိတ်ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲရုံမှူး၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်များနှင့် အီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းများအား မွမ်းမံသင်တန်းဆက်လက်ပို့ချခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွဋ်အောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်လွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဆုရည်ဖြိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည်သည်တော်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း