ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

လိပ်သို  ဇန်နဝါရီ  ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်စံဝင်း ရေးသားသော “ထားရှိရမည့်သဘောထား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် မိမိဘဝတွင်‌ကြုံ‌တွေ့ရသောကိစ္စတိုင်းကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည် ပိုကောင်းလာခြင်း၊ စာဖတ်ခြင်းသည် အသိပညာဗဟုသုတနှင့် ဆင်ခြင်တုံတရားများကို ရရှိစေပြီး မိမိဘဝကို မြှင့်တင်ပေးနိုင်သောကြောင့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  

ထို့နောက် ကျောင်းသား/ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-10 ကျောင်းသား စောကျော်သူအောင်က “ ငယ်ရွယ်ခြင်း ” ခေါင်းစဉ်အောက်မှ “ လူငယ်ဘဝမှစ၍ အကောင်းဘက်သို့ ဉီးတည်မှုများ ရှိပါက ထိုသူ၏ဘဝသည် အကောင်းချည်းဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များကြောင်း၊ လူငယ်တို့တွင် ခွန်အားသစ်များ၊ တက်ကြွမှုများ၊ စွန့်စားဝံ့မှုများရှိရာ ထိုအရည်အချင်းများကို အပြုသဘောဆောင်သည့် လုပ်ငန်းများတွင်အသုံးပြုပါက များစွာထိရောက်မှုရှိမှာဖြစ်ကြောင်း ”  စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ချစ်စံဝင်း ရေးသားသော “ ထားရှိရမည့်သဘောထား ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် မိမိတွင်ရှိသော အရည်အချင်းဖြင့် မိမိလုပ်နိုင်တာကို အကောင်းဆုံးလုပ်ဆောင်သောသူသည် တန်ဖိုးရှိသောလူပင်ဖြစ်ကြောင်း သိရသည်။

နော်ဖလောရင်း (ပြန်/ဆက်)