ပဲခူး ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်း မိုင်တိုင်အမှတ် (၁၃/၆-၁၃/၇)ကြား စိန်နားကပ်တံတား တည်ဆောက်ရေးရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များအား တံတားအထူးအဖွဲ့ (၉) တာဝန်ရှိသူက ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်းသည် သီလဝါဆိပ်ကမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းဖြစ်ပြီး နောင်တစ်ချိန် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကအသုံးပြုသွားမှာဖြစ်၍ တံတားတည်ဆောက်ခြင်းအပြင် တံတားချဉ်းကပ်လမ်းများ ကောင်းမွန်မှုရှိစေရေး ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကဝမြို့နယ်၊ အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာအထက်တန်း၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ MSMEs လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသည့် ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့နယ်၊ အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာအထက်တန်း၌ မဲရုံအမှတ်(၁)တွင် မဲပေးသူနားနေရန်နေရာ၊ မဲစာရင်းအမှတ်စဉ်နေရာ၊ မဲစာရင်းစစ်ဆေးသူနေရာနှင့် အေးဆေးသက်သာစွာ မဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)