လှိုင်းဘွဲမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးဆွေးနွေး

ဘားအံ ဇန်နဝါရီ ၆

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို လှိုင်းဘွဲမြို့နယ်အတွင်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီက လှိုင်းဘွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

 ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ ကို အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး၊ ရာနှုန်းပြည့်ဆန္ဒမဲပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)က မြို့နယ်အတွင်း ရွေးကောက်ပွဲအပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေး၊ ကြိုတင်မဲပေးနိုင်ရေးနှင့် အများပြည်သူ အောင်မြင်စွာမဲပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး နယ်မြေခံတပ်နယ်အရာရှိတစ်ဦးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်က ပြည်နယ်အတွင်းဆောင်ရွက်မည့် ရွေးကောက်ပွဲအပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)များကို အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲကာလမတိုင်မီကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲကာလဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ဆန္ဒမဲပေးပြီးကာလဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးမင်းရွှေက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ဥက္ကဋ္ဌနှင့်တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက အများပြည်သူရာနှုန်းပြည့်ဆန္ဒမဲပေးနိုင်ရေးဆိုင်ရာများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)