မြိတ်ပြည်သူ့ဆေးရုံတွင် မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသ

မြိတ်  ဇန်နဝါရီ   ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပြည်သူ့ဆေးရုံတွင် မျက်စိရောဂါဝေဒနာရှင်များအား သဲဖြူဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက သဲဖြူဆရာတော်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ပြည်သူ့ဆေးရုံတွင် မျက်စိရောဂါဝေဒနာရှင်များအား ရန်ကုန်မျက်စိဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာနီနီလှိုင်နှင့်အဖွဲ့၊ မြိတ်ပြည်သူ့ဆေးရုံမျက်စိအထူးကုဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ (၅/၁၀၀) တပ်မတော်‌ဆေးရုံမှ မျက်စိအထူးကု ဆရာဝန်နှင့်အဖွဲ့တို့ပူးပေါင်း၍ မျက်စိရောဂါဝေဒနာရှင်များအား ဇန်နဝါရီ(၅)ရက်မှစတင် စမ်းသပ်စစ်‌ဆေးခွဲစိတ်ကုသပေးလျက်ရှိသည်။

မျက်စိရောဂါဝေဒနာရှင်များအား ကုသပေးရာတွင် အမြင်အာရုံစမ်းသပ်စစ်ဆေးပေးခြင်း၊ အတွင်းတိမ်လူနာများအား စမ်းသပ်စစ်ဆေးပေးခြင်း၊ အတွင်းတိမ် လူနာအား ခွဲစိတ်ကုသပေးခြင်း၊ မျက်မှန်နှင့်ဆေးဝါးများအခမဲ့ ဆောင်ရွက်ပေးနေမှုအား သဲဖြူဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့်တာဝန်ရှိသူများက  ကြည့်ရှုအားပေးခဲ့ကြပြီး ဝေဒနာရှင်များအား အလှူငွေ၊ အအေးနှင့်မုန့်အာဟာရများပေးအပ်လှူဒါန်းကြသည်။

မျက်စိရောဂါဝေဒနာရှင်များ ဆေးကုသမှုခံယူရန် ပြည်သူ့ဆေးရုံသို့ ယနေ့အထိ စာရင်းပေးသွင်းထားရှိသူ ဝေဒနာရှင် (၆၀၀)ကျော်ရှိပြီး  မျက်စိရောဂါဝေဒနာများအား စမ်းသပ်ခွဲစိတ်ကုသလိုသူများအနေဖြင့် မျက်စိလူနာစာရင်းကို မျက်စိကုသဆောင်နှင့် ဆေးရုံအုပ်ကြီးရုံးခန်းတွင် လာရောက်စာရင်းပေးနိုင်ကြောင်းနှင့် ဝေဒနာရှင်များကို ဇန်နဝါရီ(၁၉)ရက်အထိ အခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကုသ၍ မျက်မှန်နှင့် ‌ဆေးဝါးများအခမဲ့ ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )