ကျုံဒိုးမြို့၌ မီးဘေးလုံခြုံရေး ဆောင်ရွက်

ကော့ကရိတ် ဇန်နဝါရီ ၆

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလအတွင်း ရပ်ကွက်/ကျေးရွာများ၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကော့ကရိတ်ခရိုင် မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များ၊ မဲရုံအဆောက်အဦနှင့် အနီးဝန်းကျင်နေရာတို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးပညာပေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့စည်ပင်သာယာရေးတာဝန်ခံ၊ မြို့လျှပ်စစ်တာဝန်ခံ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ကျုံဒိုးမြို့၊ ရွေးကောက်ပွဲကာလ မီးလန့်မှု၊ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မြို့မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို မြို့ပေါ် (၄) ရပ်ကွက်ရှိ လူနေအိမ်နှင့်ဈေးဆိုင်များ၊ မဲရုံဆောင်ရွက်မည့်နေရာများ၌ မီးသတ်ဆေးဘူးထားရှိမှု ရှိ/မရှိ၊ မဲရုံအနီးပတ်ဝန်းကျင်များတွင် မီးဘေးလုံခြုံရေး စစ်ဆေးပညာပေးခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များကို တာဝန်ရှိသူများက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)