မင်းလှ ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်၊ သီရိရတနာခန်းမ၌ ပြုလုပ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် ဝန်ထမ်းများက မင်းလှမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်ထောင်စုဇယားပုံစံ (၆၆/၆) မှာ ပါရှိပြီး အသက် (၁၈) နှစ်ပြည့်ကာ မှတ်ပုံတင်မပြုလုပ်ရသေးသည့်သူများ၊ (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) မည့်သူများကို မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ကာ မဲပေးနိုင်ရေးအတွက် One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိပြီး လုပ်ဆောင်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။
အဆိုပါ One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းလုပ်ငန်း မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)