(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့်

ဟားခါး ဇန်နဝါရီ ၅

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက် ညနေ ၃ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ယဉ်ကျေးမှုအကအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကျွန်တော်တို့မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံးဟာ ရှေးနှစ်ထောင်ပေါင်းများစွာကပင် ချစ်ကြည်ရင်းနှီးစွာ အတူတကွ စုပေါင်းနေထိုင်ကြခြင်းဖြစ်ကြောင်း ၊ ၁၈၂၄ ၊ ၁၈၅၂ နှင့် ၁၈၅၅ ခုနှစ်များတွင် သုံးကြိမ်တိုင်တိုင် ဗြိသိသျှနယ်ချဲ့တို့၏ ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ၁၈၈၆ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်နေ့မှ လွတ်လပ်ရေးဆုံးရှုံးခဲ့ရကာ ယခုနှစ်ဆိုရင် နှစ်ပေါင်း (၁၄၀) နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်ကြောင်း၊ ယနေ့မျက်မှောက်ကာလမှာလည်း အင်အားကြီးသည့်နိုင်ငံများက အကြောင်းအမျိုးမျိုးပြပြီး အင်အားနည်းသည့် နိုင်ငံများကို ကျူးကျော်မှုများရှိနေသည်ကို တွေ့မြင်ရကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နည်းတူ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲနိုင်ရေးအတွက် မိမိတို့ အနီးပတ်ဝန်းကျင်မှာရှိသည့် သား၊ သမီး၊ ဆွေမျိုးများအားလုံး ပညာထူးချွန်စွာ တတ်မြောက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုနည်းတူ ချင်းပြည်နယ်အနေဖြင့် မသိနားမလည်မှုနှင့် ဆင်းရဲမွဲတေမှုများကို အဓိကထား တိုက်ထုတ်ရမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ဘိုးဘေးအစဉ်အဆက် အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး ရရှိလာသည့် လွတ်လပ်ရေးအမွေကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်သည် မိမိတို့အားလုံး၏ သမိုင်းပေးတာဝန်ဖြစ်ကြောင်းဖြင့် ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးမြို့၊ အမှတ်(၁)နှင့် အမှတ် (၂) အခြေခံပညာကျောင်းသား ကျောင်းသူများက ရိုးရာအအကများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ယဉ်ကျေးမှုအက အဖွဲ့များသည် ဘူဖေး(Buffet)ဖြင့် ညနေစာအတူတကွ သုံးဆောင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

( ခရိုင် ပြန်/ဆက် )