မြို့သစ်မြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူးများအား မဲပေးစက်အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်

မြို့သစ် ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သက်ဆိုင်ရာမဲရုံများတွင်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးအစရှိသည့် မဲရုံအဖွဲ့ဝင်များကို (MEVM)မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ယမန်နေ့ နေ့လည်(၁)နာရီက မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရတနာ) ခန်းမ၌ ကျင်းပပြုလုပ်သည်။

 အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦစီးအရာရှိ‌နှင့်ဝန်ထမ်းများက  မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်ကြမည့် ဆရာ၊ဆရာမများအား (MEVM)မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းလက်စွဲပါဘာသာရပ်များဖြစ်သည့် မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့်ပစ္စည်းများ၊ မဲပေးစက်အားစစ်ဆေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီမဲရုံတွင် အီလက်ထရောနစ်မဲပေးစက်များအသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ စက်အားကိုင်တွယ်ခြင်း၊ သတ်မှတ်နေရာတွင် နေရာချခြင်း၊ မဲပေးရန်စက်များဖွင့်လှစ်ခြင်း၊ မဲရလဒ်များထုတ်ယူခြင်း၊ မဲပေးနေစဉ်အတွင်းအရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို စာတွေ့၊လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။ 

သန်းဝင်းထွန်း (ပြန်ဆက်)