ဇီးကုန်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ဆက်လက်ကျင်းပပြုလုပ်ရာတွင် ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းတွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ စက်ကိုင်မွမ်းမံသင်တန်းကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေက အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကြိုတင်စီမံထားရှိရန်များကို ဆွေးနွေးမှာကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က စီမံဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပထမအကြိမ်မဲပေးမှုမှ အာသာချက်၊ အားနဲချက်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရန် တို့ကိုဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း ဆွေးနွေးခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိမှ MEVM မဲပေးစက်နှင့်ပတ်သက်၍ ရှင်းလင်းပြသ၍ မဲပေးစက်ကိုင်မွမ်းမံသင်တန်းကို ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ စက်ကိုင်မွမ်းမံသင်တန်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်များ စုစုပေါင်းအင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)