ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော နှမ်း ၁၁၅၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော နှမ်းသီးနှံ ၁၁၅၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ဆောင်းနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် နှမ်းစိုက်ဧက ၁၅၂၈၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ နှမ်းစိုက်ခင်းများကို ဒေသခံတောင်သူများက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်က စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ၁၁၅၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် နှမ်း ၈ ဒသမ ၇၀ တင်း ထွက်ရှိကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ ဆောင်းသီးနှံစိုက်ပျိုးရာသီက နှမ်း ၁၅၂၈၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ဆောင်းနှမ်းစိုက်ခင်းတွေကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်လောက်ကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ လက်ရှိမှာ ၁၁၅၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို နှမ်း ၈ ဒသမ ၇၀ တင်း ထွက်ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။ 

ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နှမ်းစိုက်တောင်သူများကို သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားရောဂါအန္တရာယ်ကင်းရှင်းရေး၊ GAP စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ သီးနှံအချိန်မီ ရိတ်သိမ်းနည်းပညာများနှင့် ရိတ်သိမ်းပြီး သီးနှံများ စနစ်တကျ ထားသိုထိန်းသိမ်းရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

နှမ်းကို တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းကောင်းအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း စားသုံးဆီဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် သီးနှံဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သောကြောင့် နှမ်းကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးနိုင်အောင် ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)