ငဖဲမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

ငဖဲ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လစာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပဒါန်းကျေးရွာ အမှတ်(၂) အောင်ဓမ္မာရုံ၌ ဆောင်ရွက်သည်။

ရှေးဦးစွာ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအတွက် လူတစ်ဦးလျှင် တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လစာအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများကို ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။        

ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရေးအဖွဲ့ဝင်များက ငဖဲမြို့နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာနေထိုင်သည့်  ပြည်သူ (၅၇၁)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းစီဖြင့် စုစုပေါင်းငွေကျပ် ၃၄၂၆၀၀၀၀ အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ ၃ လစာအတွက် ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)