ပဲခူး ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်စုရပ်ကွက်၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါး(၂)သီးစိုက် ဧက(၁၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ပစျေးကွက်ဝင် တန်ဖိုးမြင့် ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး၊ ဒေသနွားနှင့် ဒေသကြက် တိုးချဲ့မွေးမြူရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသနွားအား မေထုန်မဲ့သားစပ်ခြင်း၊ မျိုးမြှင့်တင်ပေးခြင်း အသိပညာပေးပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမှ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ၊ MSMEs လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ သနပ်ပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသည့် ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကမာစဲ-ရစ်ကံလေးကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းဘေးဝဲယာ အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)