ဘားအံ ဇန်နဝါရီ ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) ညပိုင်းက ပြည်နယ်အစိုးအဖွဲ့ရုံးရှေ့ဥပစာ မြက်ခင်းပြင်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်း သားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ညစာကိုအတူတကွသုံးဆောင်ခဲ့ကြကာ ညစာမသုံးဆောင်မီနှင့် သုံဆောင်နေစဉ်အတွင်း ကရင်ပြည်နယ်ဂီတအစည်းအရုံးမှ တေးသံသာများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပဒေသာကပွဲကို ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်ထက်၌ ညနေ ၆ နာရီအချိန်မှစ၍ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားတို့၏ရိုးရာယည်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ လျှပ်စစ်ဆိုလာတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာ ရွာလယ်ကျောင်းတိုက်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများ၏ စာတွေ့၊ လက်တွေ့နှင့်လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံအသိပညာရပ်များ သင်ကြားပို့ချမှုကို လက်တွေ့ဘဝနယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရန် အားသွန်ခွန်စိုက်ကြိုးစားအားထုတ်သင်ယူ၍ မိမိတို့၏ မိသားစု၊ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)