ကြို့ပင်ကောက် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း အပိုင်း(၃)၌ ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အချိန်တိုအတွင်းဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် အစီအစဉ်များကို မဲရုံတာဝန်ကျဝန်ထမ်းများကပူပေါင်း ဆောင်ရွက်နိုင်ရေးစီစဉ်ထားရန်မှာကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရဲနိုင်စိုးက ရွေးကောက်ပွဲနေ့တွင် အကြောင်းအမျိုးမျိုးကြောင့် တာဝန်မထမ်းဆောင်နိုင်သည့် ဝန်ထမ်းများအတွက် အစားထိုးတာဝန်ထမ်းဆောင်ရန် အရန်ဝန်ထမ်းစီစဉ်မှုအခြေအနေများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူးစိုင်းခန့်နိုင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမည့် အခြေအနေများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)