သဲကုန်း ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (ပဉ္စမ)အကြိမ် အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်မြေမီးသတ်စခန်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းထိုက် အရန်မီးသတ် တပ်ဖွဲ့ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ တပ်စုမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး၊ သဲကုန်းမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းထိုက်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် သင်တန်းတွင်မီးသတ်ဦးစီးဌာန၏ရည်မှန်းချက် တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ အခြားသောဘေးအန္တရာယ်များမှ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူအတွင်း စိမ့်ဝင်ပြန့်နှံစေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များက အရန်မီးသတ်တူညီဝတ်စုံပေးအပ်ခဲ့ကြ၍ အဆိုပါသင်တန်းသို့ သဲကုန်းမြို့နယ်အတွင်းရှိ သင်တန်းသား စုစုပေါင်း (၅၀) ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ ၄ ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
ကိုကျော် (သဲကုန်း)