(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပေါင်းတည် အချုပ်ထောင်မှ အကျဉ်းသား အကျဉ်းသူ ၆၉ ဦးလွတ်ငြိမ်းချမ်းသာခွင့်ပြု

ပေါင်းတည် ဇန်နဝါရီ ၄

(၇၈) နှစ်မြောက်၊ လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသုဓမ္မ မင်းအောင်လှိုင်က (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် နိုင်ငံတစ်ဝှန်းအချုပ်ထောင်၊ အကျဉ်းထောင်များမှအကျဉ်းသား အကျဉ်းသူ ၆၁၃၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်းသိရသည်။

ထို လွတ်ငြိမ်းချမ်းသာခွင့်ပြုသူများအနက် ပေါင်းတည်အချုပ်ထောင်မှအကျဉ်းသား ၆၆ ဦး အကျဉ်းသူ  ၃ ဦး စုစုပေါင်း ၆၉ ဦးအား နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်လွှတ်အမှတ် (၂/၂၀၂၆) ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-ကျင့်၄၀၁၊ ပုဒ်မခွဲ (၁) အရ ယနေ့နံနက် ၉ နာရီခွဲက လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ပေါင်းတည်အကျဉ်းဦးစီးဌာနမှ သိရသည်။

ထို ပေါင်းတည်အချုပ်ထောင်မှ လွတ်မြောက်ချမ်းသာခွင့်ရသူများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်မြင့်နိုင်၊ အကျဉ်းဦးစီးမှူး ဦးစိုင်းခမ်းမောင်၊ မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းတို့က အချုပ်ထောင်ခန်းမတွင်တွေ့ဆုံကာ နောက်ထပ်တစ်ဖန် ပြစ်မှုမကျူးလွန်စေရေး ဆုံးမဩဝါဒ အမှာစကားများပြောကြား၍ ခရီးစရိတ် ထောက်ပံ့ငွေများပေးအပ်ကာ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြကြောင်း သိရသည်။

‌မြို့နယ် (ပြန်/ဆက်)