စာပေစေတမန်မှ နဝမအကြိမ်မြောက် စာပေဆုချီးမြင့်ပွဲ ဝေါမြို့နယ်တွင် ကျင်းပ

ဝေါ ဇန်နဝါရီ

စာပေစေတမန်(စာပေသုခုမရင်ပြင်) နဝမအကြိမ်မြောက် ဂုဏ်ပြုဆုချီးမြင့်ပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်စံပြကျေးရွာ စာပေစေတမန် (စာပေသုခုမရင်ပြင်) ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပရာ ရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဝေါမြို့နယ်အဖွဲ့မှ ဦးမင်းမင်းစိန်က စာပေစေတမန်ဂုဏ်ပြုကဗျာအား ဖတ်ကြားသည်။

ဆက်လက်ပြီး စာပေစေတမန်အဖွဲ့ နာယက စာရေးဆရာ ဘုန်းဇော်မိုးဥဿာ(စာပေစေတမန်)က သုတရသ စာပေများ ဟောပြောပြီး အလှူငွေများ ပေးအပ် လှူဒါန်းရာ စာပေစေတမန်က လက်ခံရယူပြီး ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။ ထို့နောက် စာပေဆုရှင်များနှင့် စာပေစေတမန် ဂုဏ်ပြုဆုရှင် များကို ဒေါ်ပေါက်စက ပေးအပ်ရာ စာပေစေတမန်က အားလုံးကိုယ်စား လက်ခံရယူသည်။

ထို့နောက် စာပေစေတမန်က ညောင်ခါးရှည်ကျေးရွာ(အထက)သို့ စာအုပ်စာစောင်များ လှူဒါန်းရာ ဆရာ ဦးမင်းဇေယျက လက်ခံရယူသည်။ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း (ပဲခူး)က ဝေါအဖွဲ့ (စာပေစေတမန်)သို့ သုတရသစာအုပ်များ လှူဒါန်းရာ ဝေါမြို့နယ်အဖွဲ့က လက်ခံရယူသည်။

စာပေစေတမန်အနေဖြင့် နှစ်စဉ်ဆုဂုဏ်ပြုဆုချီးမြင့်ပွဲအား မြို့နယ်အဆင့်ခမ်းနားစွာကျင်းပမြဲဖြစ်ရာ ယခုအခါ ကိုဗစ်ကာလဖြစ်သောကြောင့် အကျဉ်းသာ ကျင်းပရခြင်းဖြစ်ပြီး ယခုနှစ် စာပေစေတမန်ဂုဏ်ပြုဆုအား ဦးမျိုးမင်းဇော် (ဦးစီးအရာရှိမိတ္ထီလာခရိုင်၊ ပြန်/ဆက်ဦးစီးဌာနနှင့် စာရေးဆရာ မြတ်သုတ (မြန်မာစာ) အားတို့ ပေးအပ်ခဲ့ကြောင်းသိရသည်။  

အောင်မြတ်လင်း (ပြန်/ဆက်)