ပဲခူး ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃) ရာနှုန်းပြည့် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လာရောက်မဲပေးနိုင်ရေး၊ မဲပေးရာတွင်လည်း အေးချမ်းသက်သာစွာ မဲပေးနိုင်ရေးနှင့် အချိန်ကုန်သက်သာ လျင်မြန်စွာ ဆန္ဒမဲပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ပြည်သူများအတွက် လွယ်ကူစွာမဲပေးနိုင်ရေးအတွက် တတိယအကြိမ်ထုတ်ပြန်ခဲ့သည့် မဲစာရင်းတွင်ပါရှိသည့် မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မဲရုံများအား မနက်(၆)နာရီတွင် စတင်ဖွင့်လှစ်သော်လည်း အခြားအုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များအား မဲရုံအတွင်း၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်းအပြင် ဆန္ဒမဲရရှိမှု ရေတွက်ခြင်းအား ညမိုးချုပ်သည့်တိုင် ဆောင်ရွက်ရသဖြင့် မဲရုံတိုင်း မီးလင်းနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အား သိရှိနားလည်သဘောပေါက်စေရေး မွမ်းမံသင်တန်းပေးခြင်းအပြင် မြို့နယ်အဆင့်မှ ရပ်ကွက်/ကျေးရွာအဆင့်ထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃) ရာနှုန်းပြည့်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပသွားရမှာဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများအနေဖြင့် မဲရုံများအလိုက် လိုအပ်ချက်များကို မြေပြင်ကွင်းဆင်း၍ ကြိုတင်ပြင်ဆင်ထားရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးသွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း အချိန်မီဆန္ဒမဲပေးနိုင်ရေး MEVM မဲပေးစက်များ ဆက်လက်ဖြန့်ဝေပေးသွားမည့်အခြေအနေကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က နယ်မြေဒေသဆိုင်ရာလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည့်အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိက အပိုင်း(၂)နှင့် အပိုင်း(၃)တွင် ကျင်းပမည့် မဲရုံများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာမဲရုံများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း အေးချမ်းသက်သာစွာ ဆန္ဒမဲလာရောက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားသည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တက်ရောက်လာသည့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းအကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)