အ.ထ.က(ဇီးကုန်း)၌ မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ

ဇီးကုန်း ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)၌ မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပညာရေးစုံညီပွဲတော်ကို အ.ထ.က-ဇီးကုန်း ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် ဒို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး  မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွဋ်ဦးက ပညာရေးစုံညီပွဲတော်၏ရည်ရွယ်ချက်နှင့် ပညာရေးတိုးတက်မှုကဏ္ဍများနှင့် အဖွင့်အမှာစကားကိုပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ တိုင်းအဆင့်လူရည်ချွန်များ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်၊ စာစီစာကုံးပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ (၁၅၃) ဦးအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ အသီသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် အ.ထ.က-ဇီးကုန်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းသီဆိုကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ