သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆို​ပြိုင်ပွဲကျင်းပ

သဲကုန်း ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆို​ပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုသမ္မမြန်မာနိုင်ငံရှိ နေ့ထူးနေ့မြတ်များကို အစဥ်သတိရပြီး တန်ဖိုးထားတက်စေရန်၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြရန် လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီးကျောင်းသား/ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတ တိုးပွားရရှိစေရန်၊ ဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါဖတ်ရှုကြရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက မိမိတို့လေ့ကျင့်ထားသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲတွင်ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဆုလက်​ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ၍ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများအား မုန့်များ ဝေငှပေးခဲ့ကြသည်။

ထို့​နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ် စာစောင်များနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များအား အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့​ကြကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)