လွိုင်ကော် ဇန်နဝါရီ ၃
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို လွိုင်ကော်မြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ယခုကျင်းပမည့် အပိုင်း (၂) တွင်ပါရှိသည့် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင်လည်း အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်စေရေး၊ မဲရုံနှင့် စက်ပစ္စည်းများ လုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏လုံခြုံရေးအတွက် တာဝန်ရှိသူအားလုံးက စနစ်တကျပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် မိမိတို့ဆောင်ရွက်ရမည်လုပ်ငန်းတာဝန်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန်စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တက်ရောက်လာသူများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)