ဖြူး ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ခြောက်သွေ့သည့် ကာလရောက်လာသည်နှင့်အမျှ ဈေးသူ၊ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်နိုင်ကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ကြစေရန်အတွက်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတိုပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ်စည်ပင်သာယာဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးချမ်းဟိန်းလင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကား(၂)စီး၊ ရေသယ်ကား(၂)စီးဖြင့် မီးငြှိမ်းသတ် သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များနှင့် ဈေးသူ ဈေးသားများ တက်ရောက်၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)