ဘားအံမြို့နယ်၊ ကမော့ကစင်ကျေးရွာ (နောင်ခရိုင် ကွင်းအမှတ်-၃) ကုန်ထုတ်လမ်းသစ် ဖွင့်လှစ်

ဘားအံ ဇန်နဝါရီ ၂

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၂၈ ဒဿမ ၄၃၉ သန်းဖြင့် စိုက်ဧကပေါင်း ၁၀၀ ကျော်ကို အကျိုးပြုနိုင်မည့် ဘားအံမြို့နယ်၊ ကမော့ကစင်ကျေးရွာ (နောင်ခရိုင် ကွင်းအမှတ်-၃) ကုန်ထုတ်လမ်းဖွင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အရှည် ၅ ဖာလုံခွဲ၊ အကျယ် ၁၂ ပေ၊ Box Culvert ၂ စင်းပါဝင်သော ကုန်ထုတ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကုန်ထုတ်လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကုန်ထုတ်လမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါကုန်ထုတ်လမ်းမှာ ယခင်ကမိုးတွင်းအခါရေလွှမ်းမိုးမှုရှိသဖြင့် ထုတ်ကုန်များ အလွယ်တကူ သယ်ပို့နိုင်မှုမရှိခြင်းကြောင့် လမ်းသားမြှင့်တင်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ကမော့ကစင်ကျေးရွာအပါ အဝင် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ စိုက်ပျိုးတောင်သူများအနေဖြင့် ထုတ်ကုန်များကို လျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်သည့်အပြင် လူမှုစီးပွားဘဝများဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ် သည်။

အဆိုပါကုန်ထုတ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကမော့ကစင်ကျေးရွာ ကုန်ထုတ်လမ်းသစ်မှတစ်ဆင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေလာစေသလို ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် ပြည်နယ်၏ အောင်မြင်ဖြစ်ထွန်းနေသော စိုက်ပျိုးရေးကဏ္ဍနှင့်ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကိုပါ လေ့လာနိုင်ပြီး ဒေသထွက်အစားအစာများ၊ ထုတ်ကုန်များကိုအမှတ်တရဝယ်ယူနိုင်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့များ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးဝင်းနိုင်က ကုန်ထုတ်လမ်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော တောင်သူဦးကြီးများနှင့် ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)