ကြံခင်း ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများ(Book Club) အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ ကလောင်စုံရေးသားသော “ မြင်းမိုရ်ထက်မြင့်သော အမေ” ငွေရတု အမေ့မေတ္တာဖွဲ့ ကဗျာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
ဦးစွာ မြန်မာနိုင်ငံစာရေးဆရာများအသင်းအဖွဲ့ဝင် ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာ ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က “အမေ့ဂုဏ်”၊ ကဗျာဆရာ ဦးမြတ်ထွန်း (ရာဇာငယ်ကနောင်) က “အနန္တကျေးဇူးရှင် မွေးမိခင်”၊ (Book Club) အဖွဲ့ ဦးခင်မောင်ဌေးက “ပြာသိုလပြည့် အမေနေ့” စသည့် အမေ့မေတ္တာဖွဲ့ကဗျာများအား အသီးသီးရွတ်ဆိုကြသည်။ ဆက်လက်၍ စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ ဒေါ်လှလေး၊ ဒေါ်ပပမျိုး၊ ဒေါ်မာလာ၊ ဒေါ်မိခိုင်နှင့် ဒေါ်ဆန်းဆန်းသစ် တို့က မိမိတို့ကြိုက်နှစ်သက်ရာ အမေ့ကဗျာများဖြင့် အသီးသီး ရွတ်ဆိုကြပြီး၊ စာရေးဆရာ ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က ပြာသိုလပြည့် အမေနေ့ ဖြစ်ပေါ်လာပုံ၊ “အမေ” ဆိုသည့် စကားအနက်အဓိပ္ပါယ်ကို ရှင်းလင်းပြောကြားခဲ့သည်။
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြထားသည့် သုတ၊ ရသစာအုပ်စာစောင်များကို အဆိုပါစာဖတ်ဝိုင်း တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့များက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)