မင်းလှ ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.လ.က လမ်းမတော်ကျောင်း၊ သီရိရတနာခန်းမ၌ (၂၃)ကြိမ်မြောက် အ.လ.ကလမ်းမတော်ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြတ်ဆရာပူဇော်ပွဲကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ကန်တော့ခံဆရာကြီး ဆရာကြီး (၅၃) ဦးအနက်မှ အသက် (၈၀) နှစ်နှင့်အထက်ဆရာ(၉)ဦးအားတစ်ဦးလျှင် ကန်တော့ငွေ (၂၁၀၀၀၀) ကျပ်၊ အသက် (၇၀) နှစ်နှင့်အထက်ဆရာ (၂၁) ဦးအား တစ်ဦးလျှင် ကန်တော့ငွေ (၂၀၀၀၀၀) ကျပ်၊ (၆၀) နှစ်နှင့်အထက်ဆရာ (၂၃) ဦးအား တစ်ဦးလျှင်ကန်တော့ငွေ (၁၉၀၀၀၀) ကျပ်နှင့် ခရီးစရိတ်ငွေများ လှူဒါန်းခြင်း၊ တပည့်ဟောင်းများက လက်ဆောင်ပစ္စည်းများ လှူဒါန်းပေးခဲ့၍ အ.လ.က လမ်းမတော်ကျောင်းအတွက် အလှူငွေများကိုလည်း လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ ကန်တော့ပန်လွှာဖြင့် လက်ဆယ်ဖြာထိပ်မှာမိုး ရှိခိုးပူဇော်ကန်တော့ခဲ့ပြီး ကွယ်လွန်သွားသောဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများတို့အား အမျှအတန်းပေးဝေခဲ့ကြသည်။
ထို့နောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများက သြဝါဒဆုံးမစကားများ ပြောကြားပေးခြင်း၊ ကျောင်းသား/သူဟောင်းများကိုယ်စား တပည့်တစ်ဦးကကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခြင်း၊ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ဘဏ္ဍာရေးမှူး ကိုမင်းသူက ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားခြင်း၊ ကန်တော့ခံဆရာများကို နေ့လယ်စာထမင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)