ဘားအံ ဇန်နဝါရီ ၂
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင်အတက်/အဆင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်တောင်ခြေအရှေ့ဘက်ခြမ်း သစ်ချကျေးရွာ တံတားဖြူ၌ စတင်တာလွှတ်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား/အမျိုးသမီးပြိုင်ပွဲဝင် ၁၈၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး အသက် (၄၀) နှစ်အထက်ပြိုင်ပွဲနှင့် အသက် (၄၀) နှစ်အောက် ပြိုင်ပွဲဟူ၍ အမျိုးအစား (၄) မျိုးခွဲ၍ ယှဉ်ပြိုင်စေခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် ပြိုင်ပွဲများကို သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ပြီး ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သော လူတို့ပြုပြင်ဖန်တီးထားခြင်းမရှိသည့် ဇွဲကပင်တောင်၏ သဘာဝအလှအပများကိုသိရှိခံစားနိုင်စေရန်၊ ပြည်နယ်၏ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ သဘာဝတောတောင်ရေမြေပတ်ဝန်းကျင်ကို ထိန်းသိမ်းမြတ်နိုးတတ်လာစေရန်၊ ခြေလျင်တောင်တက်အားကစားနည်းကို လူအများစိတ်ပါဝင်စားလာစေပြီး လေ့လာလိုက်စားခြင်းဖြင့် ပြည်နယ်သူ/ပြည်နယ်သားများနှင့် တစ်မျိုးသားလုံးကျန်းမာ ကြံခိုင်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ ပြိုင်ပွဲဝင်များသည်တာလွှတ်သည့်နေရာမှနှစ်မိုင်ခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေအမြင့်ရှိ မက်စောက်သော ဇွဲကပင်တောင်အားကျော်ဖြတ်၍ တောပုံကျေးရွာ လုမ္ဗိနီဥယျာဉ် အထက်တန်းကျောင်းရှေ့၌ ပြန်လည်ပန်းဝင်ခဲ့ကြသည်။
ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲ အမျိုးသားအသက် (၄၀) နှစ်အောက်ပြိုင်ပွဲတွင် ၅၂ မိနစ် ၂၇ စက္ကန့်၊ (၄၀) နှစ်အထက် ပြိုင်ပွဲတွင် ၅၇ မိနစ်၊ အမျိုးသမီး (၄၀) နှစ်အောက်ပြိုင်ပွဲတွင် ၁ နာရီ ၁၆ မိနစ်၊ (၄၀) နှစ်အထက် ပြိုင်ပွဲတွင် ၁ နာရီ ၃၃ မိနစ်တို့ဖြင့် ပြန်လည်ပန်းဝင်လာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက အမျိုးသမီးအသက် (၄၀) နှစ် အထက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၃၅ ထိရရှိကြသူများနှင့် ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမရရှိကြသူများကိုလည်းကောင်း၊ အမျိုးသမီးအသက် (၄၀) နှစ် အောက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၅၀ ထိရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသားအသက် (၄၀) နှစ်အထက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၃၅ ထိရရှိကြသူများ၊ ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမရရှိကြသူများ၊ (၄၀) နှစ်အောက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၅၀ ထိရရှိကြသူများကိုလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုကလပ်များကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကက အမျိုးသမီးအသက်အကြီးဆုံးပြိုင်ပွဲဝင်နှစ်ဦးနှင့် အသက်အငယ်ဆုံးနှစ်ဦးတို့အား အထူးဆု၊ အမျိုးသမီးအသက် (၄၀) နှစ်အောက်ပြိုင်ပွဲတွင် ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေးသားဆုနှင့် ဆုကလပ်များကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြိုင်ပွဲဝင်အသက်အကြီးဆုံးနှစ်ဦးနှင့်အသက်အငယ်ဆုံးနှစ်ဦးတို့အား အထူးဆုနှင့် အမျိုးသားအသက် (၄၀) နှစ်အောက် ပြိုင်ပွဲ ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုကလပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)