လွိုင်ကော် ဇန်နဝါရီ ၂
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်မြို့၊ အဆင့်မြင့်သီရိမင်္ဂလာဈေးသို့ရောက်ရှိကာ ဈေးအတွင်း ဈေးရုံသစ်များ တိုးချဲ့ဆောက်လုပ်နေမှု၊ ဈေးခန်းမနှင့် ၂ ထပ်ဈေးရုံများ အပြီးသတ်ဆောက်လုပ်နေမှုနှင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ အချောသတ်ရန်ကျန်ရှိသည့် လုပ်ငန်းပိုင်းများကို အပြီးသတ် မွမ်းမံပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ဈေးဆိုင်များစနစ်တကျ ဖွင့်လှစ်ရောင်းချစေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဈေးအတွင်း ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဈေးသူဈေးသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) လောဓမ္မသို့ ရောက်ရှိပြီး ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်လျက်ရှိသည့် ၁၄၀ x ၃၀ ပေ သံကူကွန်ကရစ် နှစ်ထပ်စာသင်ဆောင် အပြီးသတ်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ အရည်အသွေးစစ်ဆေးခြင်းများကိုလည်း မပြတ်ဆောင်ရွက်ရန်နှင့် ကျောင်းဆောင်သစ်အတွက် လိုအပ်သည့် ကျောင်းသုံးပရိဘောဂများ ပြည့်စုံစွာ ထည့်သွင်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကျောင်းဝင်းအတွင်း ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သုတ(ပြန်/ဆက်)