ပုသိမ် ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ပဋ္ဌာန်းတရားနာကြားရန်အတွက် နတ်၊ ဗြဟ္မာများအား ဖိတ်ကြားသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီး ဩဝါဒါစရိယ မရမ်းချိုကျောင်းတိုက် ပဓာနနာယက ဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဩဝါဒကထာ ဆက်လက်နာကြားခဲ့ကာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ ဘဒ္ဒန္တသုမန၊ အရှင်သူမြတ်နှင့် ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်တို့က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ပင့်ဆောင်ပူဇော်ခြင်းနှင့် ပဋ္ဌာန်းဒေသနာရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာဂါထာဖြင့် တိုက်တွန်းနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကြွရောက်လာကြကုန်သော ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများ၊ ဘာဏက သံဃာတော်များ၊ ပရိသတ်အားလုံးတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိကို တစ်ကြိမ်ရွတ်ဖတ်ပူဇော်၍ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအား ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်အား ပလ္လင်တော်မြတ်သို့ ပင့်ဆောင်ခဲ့ပြီးနောက် အလှည့်ကျပဋ္ဌာနဘာဏက သံဃာတော်အရှင်သူမြတ်က ပဋ္ဌာန်းဒေသနာများ စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)