ပဲခူး ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ဒီဇင်ဘာ (၃၀)ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နှစ်သစ်ကူးညတွင် ပြည်သူများ၊ လူငယ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ကွင်းပြည့်ကွင်းလျှံ လာရောက်ပါဝင်ဆင်နွှဲကြပြီး နှစ်သစ်ကိုပျော်ရွှင်စွာ အတူတကွကြိုဆိုကြသည်။
ယနေ့ နှစ်သစ်ကူးတေးဂီတဖျော်ဖြေပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် Music Band ၊ DJ များနှင့် တွဲဖက်၍ နိုင်ငံကျော်အဆိုတော်များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြူးမြူးကြွကြွ သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ပွဲတော်လာပရိသတ်များက စည်းချက်နှင့်အညီ လိုက်ပါသီဆိုကခုန်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
၂၀၂၅ ခုနှစ် ကုန်ဆုံးမည့် ဒီဇင်ဘာ (၃၁)ရက် ည (၁၂)နာရီမထိုးမီ နှစ်သစ်ကူး Countdown ကို ပွဲတော်လာပြည်သူများက တပျော်တပါး သံပြိုင်ရေတွက်ကြပြီး ည (၁၂)နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ဟစ်ကြွေးကာ မီးရှူးမီးပန်းများပစ်ဖောက်မှု၊ မီးပုံးများလွှတ်တင်မှုနှင့်အတူ ၂၀၂၆ ခုနှစ် နှစ်သစ်အခါသမယကို ပျော်ရွှင်စွာ စုပေါင်းကြိုဆိုကြသည်။
ပွဲတော်လာပြည်သူများအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်ကုန်များနှင့် ဒေသအစားအစာများကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ချားရဟတ်စီးကြသူများ၊ Photo Booth များတွင် အမှတ်တရအလှဓာတ်ပုံ ရိုက်ကြသူများ၊ ကစားကွင်း၌ ပျော်ရွှင်စွာ ဆော့ကစားကြသည့် ကလေးငယ်များဖြင့် အထူးစည်ကားခဲ့သည်။
၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေ ပျော်ရွှင်စေရန်၊ စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်၊ နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)