သဲကုန်း ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည်တိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ကျောင်းတွင်းအာကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အတွင်းရှိအခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများတွင် ကျင်းပဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ဆရာမများကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အားကစားပြိုင်ပွဲများဖြစ်သော (ဘောလုံးပြိုင်ပွဲ၊ ဘောလီဘော ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ထုပ်စီးထိုးပြိုင်ပွဲ၊ အာလူးကောက်၊ ပူဖောင်းဖောက်၊ မုန့်စားပြိုင်ပွဲ၊ အပ်ကြိုးထိုးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ရေဗူးဖြည့်၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲ) အစရှိသည့် ကစားနည်းများကို ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၃) နေ့တွင်ကျင်းပမည့် ပညာရေးစုံညီပွဲတော်၌ ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)