မုံရွာ ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ၃ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်း လှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၁၀ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း ကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များမှ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များမှ လုပ်ငန်းရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူရန်ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာ ဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထုငွေများအား လောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စား သုံးဆီနှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လောင်းလှူကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး(၁၁/၂၀၂၅)သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များအား ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ဒေသခံပြည်သူလူထု အကျိုးရှိစေမည့် လုပ်ငန်းများအား လုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူးက ခရီးသွားလုပ်ငန်းကော်မတီ (၁၀/၂၀၂၅) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားများသွားလာရေး၊နေထိုင်ရေးနှင့် ဟိုတယ်/တည်းခိုရိပ်သာများ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်မှုအခြေအနေများအားလည်းကောင်း အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)