ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံနှင့် အမှုဆောင်ရွေးချယ်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံနှင့် အမှုဆောင်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် ဖွံ့ဖြိုးတိုးတက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးများ၌ အဆင့်မီအဆောက်အအုံများဆောက်လုပ်နိုင်ရေး၊ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများက စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ ပြည်သူလူထုနှင့်သက်ဆိုင်သည့်နေရာများ၊ အားကစားကွင်းများ အဆင့်မီမီဖြစ်ပေါ်လာစေရေး မြို့သာယာလှပရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ဆောက်သည့် အဆောက်အဉီများသည်လည်း ခေတ်မီဆန်းသစ်သော ဒီဇိုင်းများ၊ လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့ခိုင်မြဲစေမည့် စွမ်းဆောင်ရည်နှင့် အရည်အသွေးတို့ကို စနစ်တကျအလေးထားပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းဒေသကြီးအတွက် အားထားရသော အသင်းကြီးဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း ” အမှာစကားပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်းများရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် အခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား စည်းမျဉ်းများနှင့်အညီ အဆင့်ဆင့်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)