ကျုံပျော်မြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဒီဇင်ဘာ ၃၁

လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏ အနှစ်သာရကို အနာဂတ်၏ ကြယ်ပွင့်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများ တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်အတွက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မိမိနိုင်ငံ၏ ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ခဲ့ပုံ၊ နယ်ချဲ့တို့၏ အကြိမ်ကြိမ် ရန်စကျူးကျော်ပုံ၊ သူ့ကျွန်ဘဝကျရောက်ခဲ့ရပုံနှင့် လွတ်လပ်ရေးရရှိအောင် အသက်သွေးချွေးများစွာ စတေး၍ ကြိုးပမ်းခဲ့ရပုံတို့ကို၎င်း၊ လွတ်လပ်ရေး၏ အဓိပ္ပါယ်၊အနှစ်သာရတို့နှင့်စပ်လျဉ်း၍ မလွတ်လပ်မီနှင့် လွတ်လပ်ခြင်း၏ အဓိပ္ပါယ်၊ သူ့ကျွန်ဘဝ နိမ့်ကျခဲ့မှုများ၊ လွတ်လပ်သော တိုင်းပြည်လူမျိုးတို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆွေးနွေးဟောပြောသည်။

အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ အလယ်တန်း ကျောင်းသား ကျောင်းသူများ အသီးသီးတက်ရောက်ခဲ့ကြပြီး၊ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)