ဘိုကလေးမြို့နယ်တွင် ရွေးကောက်ပွဲလမ်းညွှန်မှုဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ဘိုကလေး ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲ အချိန်၌ မြို့နယ်အတွင်းရှိ မဲရုံ(၂၆၅)ရုံတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွန်မှုများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဖျာပုံခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုနှင့်အဖွဲ့၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးသန့်ဇင်လတ်နှင့်အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ်တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ အင်အား(၁၀၀၀)ကျော်တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲတွင် ဖျာပုံခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးသန့်ဇင်လတ်တို့က ပထမအကြိမ် ရွေးကောက်ပွဲ ကျင်းပချိန်တွင်တွေ့ရှိရသည့် အားနည်းချက်၊ အားသာချက်များ၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလမ်းညွှန်မှုများ၊ မဲရုံပိတ်ချိန်၌ ရေးသွင်းဖြည့်စွက်ရမည့် စာရင်းပုံစံများအားဆွေးနွေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က မဲရုံတာဝန် ထမ်းဆောင်ကြမည့်သူများ၏လိုက်နာဆောင်ရွက်ရမည့်တာဝန်များအား ဆွေးနွေးခဲ့ကြပြီး မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများက သိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)