အမာမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမန္တာကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကျင်းပ

အမာ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ကမန္တာကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ‌ကမန္တာကျေးရွာ လျှပ်စစ်ဓါတ်အားရရှိသည့်အတွက် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းအချိန်က အဆိုပါကျေးရွာ စိတ္တသုခကျောင်းတိုက်ရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်း‌ရင်းသား‌ရေးရာဝန်ကြီး ဦးစောလင်းခယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား ခလုတ်နှိပ်ဖွင့်လှစ်ခြင်းနှင့် အမွှေးနံ့သာရည်ဖျန်းပက်ပေးခြင်းများ ဆောင်ရွက်ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက ကျေးရွာအတွင်း မီတာတပ်ဆင်ထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် စိတ္တသုခကျောင်းတိုက်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ ပထမဦးစွာ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တနန္ဒိယထံမှ ဩဝါဒခံယူခဲ့ပြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ဒေသခံပြည်များနှင့် ရင်းနှီးစွာတွေ့ဆုံ အမှာစကားပြောကြားခဲ့ပြီးနောက် ဖျာပုံမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့အဆင့်ဌာနဆိုင်ရာများ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမာ (ပြန်/ဆက်)