ကြံခင်း ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(နံဂါတ်)တွင် စာဖတ်ရှိန်မြင့်တင်ရေးနှင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်း(နံဂါတ်) ကျောင်းအုပ်ဆရာကြီး ဦးဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင်းကောင်းများရရှိလာစေရန်၊ မူလတန်းအရွယ်မှစ၍ ပုံပြင်ဖတ်ခြင်းမှ သုတ၊ ရသစာအုပ် ကောင်းများကို လေ့လာဖတ်ရှုတတ်သည့် အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်နှင့် စာပေဖတ်ရှုရခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်စသည့် ရည်ရွယ်ချက်များစွာဖြင့် ယခုလိုကျေးလက်များရှိ အခြေခံမူလတန်းပညာကျောင်းများသို့ကွင်းဆင်း၍ ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ “လွတ်လပ်ရေးသမိုင်းမှတ်တမ်း” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ မူလတန်းပြဆရာမ ဒေါ်သဇင်မိုးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲ၊ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း