ဖျာပုံ ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံမြို့ အမှတ် (၁၁) ရပ်ကွက် မာလာမြိုင်လမ်းအား မြို့ပြဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်ရည်ရွယ်၍ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က အဆိုပါလမ်းမုခ်ဦးရှေ့တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ရှေးဦးစွာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မာလာမြိုင်လမ်းကွန်ကရစ်လမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးတို့က မာလာမြိုင်လမ်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးထံ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌထံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့ကလည်းကောင်း အသီးသီး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များပေးအပ်ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ ကွန်ကရစ်လမ်းသစ် ခင်းခြင်းလုပ်ငန်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်အသုံးစရိတ်ကန့်သတ်မှုမရှိသော တင်ဒါစနစ်ဖြင့်ခေါ်ယူခဲ့ရာ တင်ဒါအောင်မြင်သော အောင်တင်မြင့်ကုမ္ပဏီမှ လမ်းအရှည် (၆၆၀) ပေ၊လမ်းအကျယ် (၁၈) ပေ၊ လမ်းထု (၈) လက်မရှိပြီး ကုန်ကျငွေ (၁၂၂.၀၀) သန်းဖြင့် ခင်းကျင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်