တောင်ငူ ဒီဇင်ဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်အားကစားပြိုင်ပွဲကို ယမန်နေ့ကစတင်၍ ကျင်းပလျက်ရှိရာ ယမန်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိသည်။
ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် တောင်ငူမြို့ပေါ်ရပ်ကွက်များမှ ဝါသနာရှင် အားကစားသမားများက အလွတ်တန်းဖူဆယ်အသင်း (၁၆)အသင်းစုဖွဲ့၍ ယှဉ်ပြိုင်ကစားလျက်ရှိသည်။ တောင်ငူမြို့၊ မိုင်ဒါကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများနှင့် စျေးရောင်းပွဲတော်ကြီးကို ဇန်နဝါရီ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ(၂၉)ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ ရိုးရာခြင်းအလှခတ်၊ စက်ဘီးအပျော်စီးပွဲတော်၊ မိုက်ခရိုမာရသွန်၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် လွန်ဆွဲပွဲတို့ကို ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများသည် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၌ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)