ဂန့်ဂေါ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စည်ပင်သာယာ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စည်ပင်သာယာ)မှ ဆရာ/ဆရာများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားကာ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်းက စုံညီပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးခဲ့သည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးနှင့် ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် အားဖြည့်ကူညီပေးကြသော ကျောင်းသားမိဘများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စည်ပင်သာယာ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းယုက ပေးအပ်ချီးမြှင့်ကာ “A” အဆင့် ထူးချွန်ပညာရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူ(၂၂၀)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များကို သက်ဆိုင်ရာ ဆရာ/ဆရာများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)မှ ကျောင်းသား/ကျောင်းသူလေးများ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ Grade-7 မှကျောင်းသား/ကျောင်းသူလေးက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အလားတူ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ပညာရေးစုံညီပွဲတော်များကို ကျင်းပပြုလုပ်ခဲ့ပြီး ကာယဉာဏပြိုင်ပွဲများအတွက် ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကာ တေးသီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ကြည့်ရှု့အားပေးခဲ့ကြပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော်များကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း