ကျေးလက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများကို ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများ ပြည့်စုံကောင်းမွန်လာ

ဘားအံ ဒီဇင်ဘာ ၃၀

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၅၁၀ ဒဿမ ၉၃၂ သန်းဖြင့် ဘောနော်ထူးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီးသော ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ယနေ့ဖွင့်လှစ်သောလမ်းသည် မွန်-ကရင်ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ-ဇာသပြင်အဖြောင့်လမ်းနှင့် ချိတ်ဆက်ထားသော လမ်းတစ်လမ်းဖြစ်သည့်အပြင် ကျေးရွာအုပ်စု (၄) အုပ်စု၊ ကျေးရွာပေါင်း (၁၈) ရွာတို့ကို အချိန်တိုအတွင်း လွယ်ကူချောမွေ့လျင်မြန်စွာ သွားလာ၍ ပြည်နယ်နှစ်ခုလုံးသို့ ထုတ်ကုန်စီးဆင်းနိုင်သည့် အဓိကလမ်းတစ်လမ်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်လာကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး (၁၄) ပေအကျယ် ကွန်ကရစ်လမ်းအရှည် (၆) ဖာလုံအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား ခဲ့သည်။

ယင်းနောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဓိကလမ်းမကြီးများပေါ်သို့ လွယ်ကူလျင်မြန်စွာရောက်ရှိနိုင်မည့် ကျေးလက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများကို ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများ ပြည့်စုံကောင်း မွန်လာပြီး ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိခြင်း၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များလည်းအဆင်ပြေချောမွေ့ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်းသည် စုစုပေါင်းလမ်းအရှည် (၆) မိုင် (၅) ဖာလုံရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ကွန်ကရစ်လမ်း (၅) မိုင်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း (၇) ဖာလုံ၊ ပေ(၂၀) ကွန်ကရစ်တံတားတစ်စင်း၊ Box Culvert တစ်စင်း၊ ၂၀၂၄-၂၀၂၅ ခု ဖြည့်စွက်ရန်ပုံငွေဖြင့် (၁၀) ပေတံတားတစ်စင်းနှင့် Box Culvert တစ်စင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းသစ် (၆) ဖာလုံတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ကာ ယခုအခါ လမ်းအရှည်အားလုံး (၁၀၀) ရာခိုင်နှုန်း ကွန်ကရစ်လမ်းအဖြစ် ချိတ်ဆက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)