ဟားခါး ဒီဇင်ဘာ ၃၀
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လွတ်လပ်ရေးနေ့အခမ်းအနားသည် နိုင်ငံတော်အတွက် အရေးကြီးသည့်အခမ်းအနားဖြစ်ပါကြောင်း၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် စေတနာပါပါ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် တင်ပြလိုသည့်အချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီး ကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက ပြီးခဲ့သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့သကဲ့သို့ ယခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကိုလည်း အောင်မြင်စွာကျင်းပနိုင်အောင် လုပ်ငန်းကော်မတီများက အလေးထားဆောင်ရွက်ကြရမည်ကြောင်း၊ လုပ်ငန်းကော်မတီအလိုက် အသုံးစရိတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အသုံးစရိတ်များသုံးစွဲရာတွင် ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် စနစ်တကျသုံးစွဲကြရန်နှင့် ယခင်နှစ်က ဆည်တင်၍ရသည့်ပစ္စည်းများကို ပြန်လည်အသုံးပြုရမည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့က (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးတွက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့လုပ်ငန်းကော်မတီအလိုက် ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် တင်ပြလိုသည့်အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၊ လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)