(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်ကော် ဒီဇင်ဘာ ၃၀

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို အနှစ်သာရရှိစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကော်မတီအသီးသီးက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်မီအကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ အခမ်းအနားကို ပြည်နယ်အဆင့်နှင့် လျော်ညီစွာ ဌာနဆိုင်ရာပြခန်းများ၊ ရိုးရာအဝတ်အထည်နှင့်အစားအသောက်ပြခန်းများ၊  တိုင်းရင်းသားရိုးရာအကများ၊ ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ဂုဏ်ယူစွာဖြင့် ပါဝင်ဆင်နွှဲနိုင်သည့် အခမ်းအနားဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်းပေးရန်အချက်များကို တင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)