ပြည် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (ပြည်) တို့ ပူးပေါင်း၍ AIနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပြည်) ဒုတိယပါမောက္ခချုပ် ဒေါက်တာယုဇနက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ပြည်ခရိုင်အတွင်း မိမိတို့ဦးစီးဌာနရှိ ဝန်ထမ်းများအား AIနည်းပညာကို စနစ်တကျကျွမ်းကျင်တတ်မြောက်မှုရှိစေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် ယင်းတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာအိအိသူနှင့် နည်းပြဆရာ၊ ဆရာမစုစုပေါင်း (၈) ဦးတို့က Chat GPTအသုံးပြုနည်းနှင့် သတင်းတု၊ သတင်းမှားများ ခွဲခြားဆန်းစစ်နည်းပညာအပါအဝင် AIနည်းပညာဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးပြုနည်းပညာရပ်များကို ယခုလ ၂၉ ရက်မှ ၃၁ရက်နေ့အထိ သင်တန်းကာလ သုံးရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်နှင့် မြို့နယ်ရုံးများမှ ဝန်ထမ်း (၁၄) ဦးအပါအဝင် ပြည်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယင်းတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၅၀)ဦး တက်ရောက်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)