ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများဆန္ဒမဲပေးနေမှု ကြည့်ရှုအားပေး

လွိုင်ကော်      ဒီဇင်ဘာ        ၂၉

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲအပိုင်း (၁) အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်က ကယားပြည်နယ်အတွင်း လွိုင်ကော်နှင့်ဘောလခဲမြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူအားလုံးက သက်ဆိုင်ရာမဲရုံများ၌ လာရောက်ဆန္ဒမဲပေးမှုကို  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးသမရပ်ကွက် မဲရုံအမှတ်(၁)နှင့် အမှတ်(၂) မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဆန္ဒမဲပေးနေမှု၊ မဲပေးရန်စောင့်ဆိုင်းနေမှုနှင့် မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနိုင်ရေး မော်တော်ယာဉ်များဖြင့် ကြို/ပို့ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လုံခြုံရေးတာဝန်ရှိသူများက ပြည်သူများဘေးကင်းလုံခြုံစွာမဲပေးနိုင်ရေး လုံခြုံရေး စနစ်တကျ ဆောင်ရွက်ပေးရန် မှာကြားသည်။

ထို့နောက် လောဓမ္မရပ်ကွက် မဲရုံအမှတ်(၁)၊ အမှတ် (၂)နှင့် အမှတ်(၃)မဲရုံများတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှု အခြေအနေ၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်မဲရုံ၊ နမ့်ဘော်ဝမ်(ခ) ရပ်ကွက်မဲရုံ၊ အောင်သီဟရပ်ကွက်မဲရုံနှင့် နာနတ်တော ရပ်ကွက်မဲရုံများတွင် ပြည်သူများဆန္ဒမဲပေးနေမှုနှင့် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး မဲဆန္ဒရှင်ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ ဒေါဥခူရပ်ကွက် မဲရုံအမှတ်(၁)၊ အမှတ်(၂)၊ နမ့်ဘော်ဝမ်(က)ရပ်ကွက် မဲရုံအမှတ်(၁)၊ မထောခူရပ်ကွက် မဲရုံအမှတ်(၁)၊ ဒေါတမရပ်ကွက် မဲရုံအမှတ်(၂)၊ ပန်ကန်းကျေးရွာအုပ်စု မဲရုံအမှတ်(၁)တို့သို့ သွားရောက်ကာ မဲဆန္ဒရှင် ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှု၊ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေမှုအခြေအနေများနှင့် မဲရုံများတွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများအတွက် သောက်ရေသန့်၊ အချိုရည်နှင့် မုန့်များပေးဝေလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးသည်။

ကယားပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) တွင် လွိုင်ကော်မြို့နယ်၌ မဲရုံ ( ၈၂ ) ရုံ၊ ဘောလခဲမြို့နယ်၌ မဲရုံ (၆) ရုံဖြင့်ကျင်းပခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက အောင်မြင်စွာဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)