ဘားအံမြို့နယ်တွင် နောင်ယားဖေးအခြေခံပညာမူလတန်းကျောင်း (ခွဲ) တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်လှစ်

ဘားအံ ဒီဇင်ဘာ ၂၉

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံမြို့နယ်၊ နောင်ယားဖေး အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ (၆၀ x ၃၀) ပေ Rcc တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီက နောင်ယားဖေးကျေးရွာရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။

နောင်ယားဖေးအခြေခံပညာမူလတန်းကျောင်း(ခွဲ)သည် မူလကိုယ်ထူကိုယ်ထကျောင်းမှ ၂၀၂၂ ခုနှစ်တွင် မူလတန်းကျောင်း (ခွဲ) အဖြစ် စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီ မူလကျောင်းဆောင်(၂၀ x ၁၅)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းစာသင်ဆောင် အားဖျက်သိမ်း၍ (၆၀ x ၃၀) ပေ Rcc တစ်ထပ်ကျောင်းဆောင်သစ်ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၅၂ ဒဿမ ၆၄၈) သန်းဖြင့် ဓနတိုးပွားကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ကမ္ပည်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်နှင့် ပညာရေးဌာနမှ ဖြည့်ဆည်းပေးထားသော စာရေးခုံ၊ ပရိဘောဂများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အတွင်း ကျောင်းဆောင်တည်ဆောက်ရေး လုပ်ငန်းပေါင်း (၄၄) ခုကို ခွင့်ပြုတည်ဆောက်ပေးလျက်ရှိပြီး မိမိတို့၏သားသမီးများ အေးချမ်းစွာဖြင့် လုံခြုံသောအဆောက်အဦတွင် အဆင်ပြေစွာဖြင့် ပညာသင်ကြားနိုင်ပြီဖြစ်ကာ ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်၍ လိုအပ်ချက်များအတွက် ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများကလည်း ဝိုင်းဝန်းဖြည့်ဆည်းကူညီပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ယူတည်ဆောက်သည့် ဓနတိုးပွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)